ပြန်လာပါရစေ မွေးရပ်မြေ (၁)


မွေးရပ်မြေကိုသတိရတိုင်း စိတ်ကမခိုင်၊ မျက်ရည်တွေက လှိုက်ခနဲကြွေကျလာတယ်… 
အောက်မေ့တတ်တဲ့ နှလုံးသားကိုထုတ်ပိုးရင်း မင်းကိုသတိရလွမ်းဆွတ်နေတယ်ဆိုတာကို မင်းသိနိုင်ပါ့မလားမွေးရပ်မြေရယ်... 

မိစ္ဆာကောင်တွေရဲ့ နှိမ်စက်မှုဒဏ်ကြောင့် လွတ်မြောက်လာခဲ့တာ အခုဆို ပြက္ခဒိန်တစ်ဝက်လောက် ရောက်ကပြီ... 

တစ်နေ့နေ့တစ်ချိန်ချိန်မှာဆိုတဲ့ မျှော်လင့်ချက်လက်တစ်ဆုပ်စာနဲ့ စောင့်မျှော်နေရင်း ဆည်းလည်းသံချိုအေးအေးနဲ့ ဝေးနေချိန်တိုင်း ရင်ထဲမှာဆိုညည်းမိတာ မွေးရပ်မြေကိုပါ... 

ငါ့အလွမ်းစိတ်တွေက ကြယ်ရောင်လရောင်ပျောက်နေတဲ့ လကွယ်ညကကောင်းကင်ကျယ်ကြီးထဲ ပူဆွေးမှုတွေကိုကျောသပ်ကာ လမ်းပျောက်လို့ ရွက်လွင့်နေဆဲဆိုတာ မင်းသိနိုင်ပါ့မလား... 

ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့အတူ မိုးရေစွတ်စွတ်နဲ့ ဘောလုံးကန်ခဲ့ဖူးတဲ့ မြေကွက်လေးတွေရယ် မင်းရဲ့ကျောပေါ်ကို တဖန်ခြေချချင်မိတာ မင်းသိနိုင်ပါ့မလား... 

စက္ကူလှေကလေးတွေ အပြိုင်အဆိုင်မျှောရင်း ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ဖူးတဲ့ လမ်းဆုံးကရေကန်ကြီးရယ် မင်းရဲ့ကြည်လင်အေးမြတဲ့ မြစိမ်းရောင်ရေပြင်ပေါ်မှာ တစ်ခဏတာမျှ ရေးကူးချင်မိတာ မင်းသိနိုင်ပါ့မလား... 

ငယ်သူငယ်ချင်းတွေနဲ့အတူ တစ်ဦးလက်ကိုတစ်ဦးဆွဲပြီး နေ့စဉ်ကျောင်းသွားခဲ့ဖူးတဲ့ အစိမ်းရောင်လမ်းသွယ်လေးတွေရယ် မင်းရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ ငါတို့ရဲ့ခြေရာလေးတွေအတိုင်း ပြန်လျှောက်သွားချင်မိတာ မင်းသိနိုင်ပါ့မလား... 

အားလပ်တဲ့အချိန်တွေမှာ အတန်းဖော်တွေနဲ့အတူ သီချင်းသံပြိုင်သီဆိုရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တဲ့ တို့စာသင်ကျောင်းကြီးရယ် မင်းရဲ့စိမ်းလန်းစိုပြည်ပြီး ရနံ့ကြိုင်ကြိုင်ပန်းပေါင်းစုံဝေဆာတဲ့ မင်းရဲ့ခြံဝင်းကျယ်ကြီးထဲက ခုံတန်းတွေပေါ် မိနစ်ပိုင်းမျှထိုင်ကာ အော်အော်ပြီး သီချင်းဆိုချင်မိတာ မင်းသိနိုင်ပါ့မလား...

ကလေး၊ လူကြီး၊ လယ်သမား၊ တံငါသည်၊ ကျောင်းသားစတဲ့ အလွှာစုံကလူတွေဟာ မင်းရဲ့အရိပ်အောက်မှာခိုလှုံပြီး စကားစမြည်ပြောကြတဲ့ ရွယ်လယ်ကညောင်ပင်ကြီးရယ် မင်းရဲ့ထိုင်ခုံအလား အမြစ်တွေပေါ်ထိုင်ပြီး လေပြည်အေးတွေခံကာ တစ်ခဏမျှ နားချင်မိတာ မင်းသိနိုင်ပါ့မလား... 

မွေးရပ်မြေတည်ရှိရာဆီကိုမျက်နှာမူတိုင်း အသံကျယ်ကျယ်နဲ့ အော်ခေါ်မိတာ မင်းသိနိုင်ပါ့မလားမွေးရပ်မြေရယ်... ငါ့ရဲ့မြင့်မြတ်လှတဲ့မွေးရပ်မြေဆီကို ဦးတည်တိုက်ခတ်နေတဲ့ လေညင်းတွေရယ် ကျေးဇူးပြုပြီး ငါ့ရဲ့ငိုသံတွေကို သူ့ဆီအရောက်ပို့ပေးပါလားဟင်... 
(၁၁-၂-၀၁၈)
#အာရ်ကန်မြေဖွားလူငယ်တစ်ဦး

Comments

Popular posts from this blog

❝လှည့်စားတတ်သူ❞

ဒဏ်ရာဟောင်း